ရဲမာန်၊ အောက်တိုဘာ ၂၆ ရက်၊ ဒီပဲယင်း
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ဘုတ္ထန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ ကြိမ်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောင်းကင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
မနေ့ အောက်တိုဘာ ၂၅ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။
“ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိပါဘူး။ ပြည်သူတွေ စိတ်ရှည်ဖို့နဲ့ စစ်ကောင်စီတပ်ရဲ့ ဆိုက်ဝါးတွေကို မယုံကြည်ဖို့ တိုက်တွန်းလိုတယ်”လို့ ၎င်းက ပြောပါတယ်။
အဲလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နွား ၂ ကောင်လည်းသေဆုံးခဲ့ရပြီး နေအိမ် ၇ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာ စစ်ကောင်စီတပ်က ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာရှိ စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသား/ကျောင်းသူအပါအဝင် ၂၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဒီပဲယင်းမြို့နယ် ကျခတ်ရွာ ဘုန်းကြီးကျောင်းကို မြေပြင်တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် ကိုရင် ၃ ပါးအပါအဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။