၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ရွှေဖီမြေ သတင်းအေဂျင်စီ – SPM သည် ယနေ့ ၂၀၂၅ ခုနှစ် ဇွန်လ ၇ ရက်တွင် (၆)နှစ်ပြည့်ပြီဖြစ်သည်။
အခက်အခဲ အမျိုးမျိုးကြားမှ ရုန်းကန်ရှင်သန်လာသည့် ရွှေဖီမြေသည် လက်ရှိ နွေဦးတော်လှန်ရေးကာလတွင်လည်း အဖိနှိပ်ခံ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် လူထုများဘက်မှ ရပ်တည်ကာ သတင်းအချက်အလက်များကို နေ့စဉ် ရေးသားတင်ဆက် ထုတ်လွှင့်လျက်ရှိသည်။
ရှေ့ဆက်၍လည်း အဖိနှိပ်ခံ လူထုများဘက်ကိုသာ ရပ်တည်၍ သတင်းများကို ဆက်လက် ရေးသားထုတ်လွှင့်တင်ဆက်မည်ဖြစ်သည်။
လူထုများထံ သတင်းအချက်အလက် ရောက်ရှိစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိပြီး လက်ရှိတွင် Mizzima ရုပ်သံလိုင်းတွင် တစ်ပတ်တစ်ကြိမ် ရုပ်သံအစီအစဉ် ထုတ်လွှင့်လျက် ရှိသည်။
ယခုလအတွင်း DVB ရုပ်သံလိုင်းတွင် ထုတ်လွှင့်နိုင်ရေး လုပ်ဆောင်နေပြီး FM တွင်လည်း သတင်းများကို နားဆင်ရတော့မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ရွှေဖီမြေ စတင်တည်ထောင်ချိန်က လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဝိုင်းဝန်းကူညီပေးခဲ့သည့် တအာင်းသံဃာတော်များ၊ တအာင်းအဖွဲ့အစည်းများ၊ သတင်းစာဆရာများ၊ မိတ်ဆွေများ၊ အခက်အခဲ အမျိုးမျိုးကြားမှ တာဝန် ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းဟောင်းနှင့် လက်ရှိ အချိန်ပြည့်၊ အချိန်ပိုင်း ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
သတင်းစာပညာဖြင့် လူမျိုးအကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံ့အကျိုးကို ဆက်လက် ထမ်းပိုးကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွှေဖီမြေမှ ကတိပြုပါသည်။