အိုက်ပွီး၊ မတ်လ ၅ ရက်၊ ထန်တလန်
၄ နှစ်အတွင်း ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် (ထန်တလန်)မှ စစ်ဦးစီးချုပ်အပါအဝင် ရဲဘော် ၆၇ ဦးကျဆုံးခဲ့ကြောင်း CDF-Thantlang အထွေထွေအတွင်းရေးမှူးက ပြောဆိုထားပါတယ်။
ဒီနေ့ မတ်လ ၅ ရက်နေ့ မနက်မှာ ပြုလုပ်တဲ့ Global Thantlang Relief Organization (GTRO) အွန်လိုင်းရန်ပုံငွေရှာဖွေခြင်း အစီအစဉ်မှာ CDF-Thantlang အထွေအထွေအတွင်းရေးမှူးက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
တော်လှန်ရေး ၄ နှစ်တာကာလမှာ CDF-Thantlang ရဲ့ စစ်ဦးစီးချုပ် အပါအဝင် ရဲဘော် ၆၇ ဦးကျဆုံးခဲ့ကြောင်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်းမှာ CDF-Thantlang ရဲဘော် ၂၇ ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒဏ်ရာရသူ၊ ကိုယ်အင်္ဂါဆုံးရှုံးသွားတဲ့ရဲဘော်တွေလည်း အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။
“ရဲဘော်တွေ အများစုက ထန်တလန်မြို့သိမ်းတိုက်ပွဲ၊ ထန်တလန် – ဟားခါး ကြား စခန်းသိမ်းတိုက်ပွဲတွေမှာ ကျဆုံးကြတာပါ။ ကျွန်တော်တို့ စစ်ဦးစီးချုပ်လည်း ထန်တလန်မြို့သိမ်း တိုက်ပွဲမှာ မနှစ်ကပဲ ကျဆုံးသွားတာပါ။”လို့ CDF-Thantlang တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
၄ နှစ်အတွင်း CDF-Thantlang ရဲဘော် ဒဏ်ရာရရှိသူ ၃၀၂ ဦးနဲ့ ကိုယ်လက်ဆုံးရှုံးခဲ့ရတဲ့ ရဲဘော် ၂၀ ကျော်ရှိပြီး တိုက်ပွဲတွင်း ကျဆုံးအလောင်း ရဲဘော် ၉ ဦးရှိတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးလှုပ်ရှားမှုတွေကို ပြန်လည်သုံးသပ်ရင် CDF-Thantlang အနေနဲ့ လိုအပ်တဲ့နေရာမှာ ပြန်လည်မွန်းမံမှုတွေပြန်လုပ်ဖို့ ရှိနေတာကြောင့် ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ ဆက်လက် ကူညီပေးဖို့ CDF-Thantlang အထွေထွေအတွင်းရေးမှူးက တိုက်တွန်းထားပါတယ်။
လက်ရှိမှာလည်း ထန်တလန်မြို့ပေါ်က စစ်ကောင်စီ လက်ကျန်တပ်စခန်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲလို့ သိရပါတယ်။