ရွှေဖီမြေ၊ ဧပြီ ၂၆ ရက်
စစ်မှုထမ်း ဥပဒေအရ တပ်သားအဖြစ် စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၆ ဦး ကရင်နီဒေသမှာ အခြေစိုက်တဲ့ ဒီမောဆို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DMO Local PDF)ထံ လက်နက်နဲ့အတူ CDM ပြုလုပ်လာတယ်လို့ ဒီမောဆို့ PDF က ဒီနေ့ ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီတပ်သား ၆ ဦးဟာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်မှာ MA1 သေနတ် ၅ လက်၊ ကျည်ကပ် ၁၆ ကပ်၊ ကျည် ၄၅၅ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ 14 မိုင်း ၄ လုံး၊ အိုင်ကွန်တစ်ခု၊ ကျည်ကာ ၄ ခုနဲ့ ဖုန်း ၇ လုံးနဲ့အတူ CDM လုပ်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လက်နက်နဲ့အတူ CDM ဝင်လာတဲ့ တပ်သား ၆ ဦးကို ငွေ ၆၅ သိန်းကျပ် ထောက်ပံ့ပေးထားပြီး ၎င်းတို့ရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရနိုင်ဖို့ ကူညီပေးထားတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ထဲမှာ မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ ယာမ(WY)ဆေးပြားကို စိတ်တိုင်းကျလွတ်လပ်စွာ ရောင်းဝယ်သုံးစွဲနိုင်သလို မကြာခဏ ညှင်းပန်းနှိပ်စက်ခံရတာတွေလည်း ရှိနေတယ်လို့ အဲCDM တပ်သားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်လအတွင်း မတရား စစ်မှုထမ်းဖို့ စုဆောင်းခံရသူ ၃၁ ဦး တော်လှန်ရေးတပ်ဖွဲ့တွေထံ CDM ဝင်လာတယ်လို့ ပြည်သူ့ရင်ခွင်က ဖေဖော်ဝါရီ ၉ ရက်က ထုတ်ပြန်ထားပါတယ်။