အလင်း၊ ဖေဖော်ဝါရီ ၁၆ ရက်၊ ဖလမ်း
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုး ရောက်ရှိလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးဟာ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ၆ ဦးဟာ စိတ်ဓာတ်ပျက်ပြားပြီး ဖေဖော်ဝါရီ ၁၄ရက်နေ့မှာ CNDF ထံ အလင်းဝင်ရောက်လာတာဖြစ်ပါတယ်။
“ရှေ့တန်းမှာ တိုက်ပွဲဝင်နေရတာ ကြာပြီဖြစ်လို့ အလွန်အမင်း စိတ်ပင်ပန်းနေကြသလို ရှေ့ဆက်ဖို့လည်း မျှော်လင့်ချက်မရှိတော့တာကြောင့် အခုလို အလင်းဝင်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
အလင်းဝင်ရောက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်ပစ်ဗုံး ၄ လုံး ယူဆောင်လာတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ဖလမ်းမြို့နယ်အတွင်းရှိ စစ်ကောင်စီနေရာယူထားတဲ့”ထင်းရှူးစခန်း” ခံစစ်ကုန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသလို လက်နက်မျိုးစုံ ၁၁ လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းကလည်း မဏိပူရ်မြစ်ဘေးတစ်ဝိုက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွာစဉ် ဝှက်ထားခဲ့တဲ့ လက်နက်ကြီးကျည် အမြောက်အမြားကိုပါ ထပ်မံတွေ့ရှိခဲ့ပါတယ်။
လက်ရှိမှာ ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ အထိနာနေပေမဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှတဆင့် တပ်အင်အားဖြည့်တင်းမှုတွေ ဆက်လက်လုပ်ဆောင်နေသဖြင့် စစ်ရေးတင်းမာမှုများ ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။