ဓာတ်ပုံ – KNDF

ပို့လဘား၊ ဇန်နဝါရီ ၂၉ ရက်၊ ဘောလခဲ

ကရင်နီပြည် ဘောလခဲအခြေစိုက် ခမရ ၄၂၉ တပ်ရင်း စစ်မှုထမ်း တပ်သားသစ် ၄ ဦးဟာ လွိုင်ကော်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်- Loikaw Local PDF ထံ အလင်းဝင်ခဲ့တယ်လို့ Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဇန်နဝါရီ ၂၉ ရက်မှာ တပ်သားသစ် ၄ ဦးကို လက်နက် ၃ လက်၊ ခဲယမ်း၊ ကျည်ဘောက်၊ မိုင်းနဲ့အတူ ယူဆောင်လာပြီး အလင်းဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ဆီ အလင်းဝင်လာတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို ကျနော်တို့ လုံခြုံတဲ့နေရာမှာ ထားရှိထားတာပေါ့နော်။ သူတို့ရဲ့ စိတ်ဆန္ဒသဘောထားကိုပဲ ဦးစားပေးပြီးတော့ စီစဉ်ဆောင်ရွက်ဖြစ်မှာပါ။ လောလောဆယ်တော့ သူတို့စိတ်ချလုံခြုံတဲ့နေရာမှာ ရှိပါတယ်။ သူတို့ကို ကျနော်တို့ နွေးနွေးထွေးထွေး ဆက်ဆံပေးပါတယ်” လို့ ပြောပါတယ်။

အဆိုပါ တပ်သားတွေဟာ စစ်မှုထမ်းဥပဒေ ကြေညာတဲ့အချိန်ကစပြီး ရှောင်တခင် ဖမ်းဆီးခံခဲ့ရကာ အတင်းအဓမ္မ လူသစ်စုဆောင်းခံခဲ့ရတဲ့ ပြည်သူ့စစ်မှုထမ်းဖြစ်ကြောင်းနဲ့ စိတ်ဆန္ဒမပါဘဲ ထမ်းဆောင်နေရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကလည်း ဖရူဆိုမြို့ကနေ ထွက်‌ပြေးလာတဲ့ ခမရ ၅၃၁ တပ်မှ အရာခံဗိုလ်တစ်ဦးက MA-3 သေနတ် ၁ လက်နဲ့ ဆက်စပ်ပစ္စည်းနဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ထံ လာရောက် ခိုလှုံခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

KNDF ထံ ထွက်ပြေးခိုလှုံလာတဲ့ အရာရှိဗိုလ်ဟာ စစ်တပ်ထဲ စစ်မှုထမ်း လုပ်သက် အနှစ် ၄၀ ကျော်ရှိပြီး စစ်ကောင်စီတပ် လက်အောက်မှာ ဆက်ပြီး တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ဘူးလို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်ကလည်း ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မ စုဆောင်းခံရပြီး ကရင်နီ ရှေ့တန်းဘက် ပို့ခံရတဲ့ စစ်သား ၇ ဦးဟာ KNDF ထံ ထွက်ပြေးခိုလှုံလာခဲ့ပါတယ်။

စစ်တပ်ရဲ့ တပ်သားအဖြစ် ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်အနေနဲ့ စစ်အာဏာရှင်လူတစ်စုရဲ့ အကျိုးစီးပွားရေးအတွက် ရပ်တည်နေမယ့်အစား အခုလို အချိန်မီ လူထုထံ ခိုလှုံပြီး ဂုဏ်သိက္ခာရှိစွာ ရှင်သန်နိုင်ကြဖို့လည်း KNDF က တိုက်တွန်းထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။