ပို့လဘား၊ ဇူလိုင် ၃၀ ရက်၊ ကွတ်ခိုင်
တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး၁ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၃၀ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့ ရပ်ကွက်၂ မှာရှိတဲ့ ရာစုသစ် ဟိုတယ် ၂ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“လူအိပ်တဲ့အချိန်ကို လာကြဲတာ။ အဲဒီဟိုတယ်ကပ်လျက်က အိမ် ၂ အိမ်လည်းထိသွားတယ်။ ၅ဦးသေ ၈ ဦးဒဏ်ရာရ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ ဇူလိုင်လ ၂၉ ရက်တည်းမှာပဲ တအာင်းတပ်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့နဲ့ မိုင်းလုံမြို့အပါအဝင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲကိုလည်း လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး လူသေဆုံးမှု ဒါဇင်နဲ့ချီပြီး ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။