ရွှေဖီမြေ၊ ဇူလိုင် ၂၀ ရက်၊ ဖယ်ခုံ
ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF က ထုတ်ပြန်ထားပါတယ်။
စစ်တပ်က မိုးဗြဲနဲ့ လွိုင်လင်လေး တပ်စခန်းကနေ ဖယ်ခုံအင်းအရှေ့ခြမ်း ကျေးရွာ ၆ ရွာထဲ ဇူလိုင် ၁၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ တာဝေးပစ် လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ နဲ့ အမျိုးသား ၃ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ်နဲ့ ဘာသာရေး အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် လွိုင်ကော်-ကုန်းသာ-မိုးဗြဲလမ်းတစ်လျှောက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က အရပ်သား ပစ်မှတ်တွေကို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။