ပို့လဘား၊ နိုဝင်ဘာ ၁၃ ရက်၊ စဉ့်ကူး
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် မာလဲရွာမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၁၂ ရက် ညနေ ၅ နာရီမှာ စဉ့်ကူးမြို့နယ် မာလဲရွာက စာသင်ကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
“သေသွားသူတွေက မတ္တရာဘက်ကနေ စစ်ရှောင်တွေပဲ။ စစ်ရှောင်တွေ လာနေတဲ့ စာသင်ကျောင်းကို လာကြဲသွားတာ။ ဒဏ်ရာ ရတဲ့သူလည်း ရှိတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၅ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ စာသင်ကျောင်းအပါအဝင် အဆောက်အဦး ၃ လုံးလည်း ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်းမှာလည်း စဉ့်ကူးမြို့နယ် ရွှေပြည်၊ ညောင်ကုန်းနဲ့ ရွှေပန်းတောရွာကို ဗုံးကြဲခဲ့လို့ ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။
စစ်တပ်ဟာ မတ္တရာ၊ စဉ့်ကူးမြို့နယ်ကို မြေပြင်ကနေ အလုံးအရင်းနဲ့ စစ်ကြောင်း ထိုးနေပြီး လေကြောင်းကနေလည်း ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။