ရွှေဖီမြေ၊ ဇူလိုင် ၂၀ ရက်၊ လယ်ဒို
ကရင်ပြည်နယ် ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်အတွင်းရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- KNU/KNLA ထံ စစ်ကောင်စီတပ်သား ၄ ဦး အလင်းဝင်ခဲ့တယ်လို့ ခလယ်လွီထူခရိုင် KNU က ထုတ်ပြန်လာပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အဓမ္မ စုဆောင်းခံရတဲ့ အပတ်စဉ် ၈ မှ တပ်သား ၂ ဦး (ခမရ ၂ဝ)နဲ့ အပတ်စဉ် ၅ မှ တပ်သား ၂ ဦး (ခမရ ၅၈၁)တို့က ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်မှာ KNLA ထံ လက်နက်နဲ့အတူ အလင်းဝင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလင်းဝင်လာသူတွေကတော့ အပတ်စဉ် ၈ က အသက် ၃၁ နှစ်အရွယ် ရဲဘော် ညီညီလွင်၊ ၃၆ နှစ်အရွယ် ရဲဘော် နှင်းမောင်နဲ့ အပတ်စဉ် ၅ က ၃၃ နှစ်အရွယ် တပ်သား စိုးဌေးအောင်၊ ၃၄ နှစ်အရွယ် တပ်သား မြင့်မြတ်အောင်တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
၎င်းတို့ စစ်သား ၄ ဦးဟာ သေနတ် ၄ လက်၊ ကျည်ဘောက် ၈ ခုနဲ့ ကျည်ထောင့် ၁၀၀ ကျော်နဲ့အတူ အလင်းဝင်ခဲ့တာပါ။
အလင်းဝင်လာသူတွေကို တစ်ဦးလျှင် ကျပ် ၁၀ သိန်း ချီးမြှင့်ပေးခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ စုဆောင်းခံရတဲ့ တပ်သားတွေအနေနဲ့လည်း အာဏရှင် စစ်ကောင်စီတပ်ရဲ့ အလိုကျ တာဝန်ထမ်းဆောင်ခြင်း မပြုဘဲ မိမိတာဝန်ကျရာ နယ်မြေအတွင်းရှိ တော်လှန်ရေးတပ်ထံ အလင်းဝင်ကြဖို့ KNLA က တိုက်တွန်းထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။