ခိုင်လေး၊ ဇန်နဝါရီ ၂၂ ရက်၊ ဟားခါး
ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ၄ ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ဟားခါး CDF က မနေ့ ဇန်နဝါရီ ၂၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာသူ ၄ ဦးဟာ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်း မရှိတဲ့အတွက် ဇန်နဝါရီ ၈ ရက်နဲ့ ၁၄ ရက်က ဟားခါး CDF ထံ ဆက်သွယ်ကာ အလင်းဝင်လာကြတာပဲ ဖြစ်ပါတယ်။
ဟားခါး CDF မှ တာဝန်ရှိသူ ပါရွှေက “MA-1 တစ်လက်နဲ့ MA-3 နှစ်လက်နဲ့ အလင်းဝင်လာတာဖြစ်တယ်။ တပ်ရင်း ၂၂၂ (စစ်ကောင်စီ တပ်ရင်းနာမည်)မှာ သုံးယောက်ပါ ပါတယ်။ ၃၁၉ မှာ တစ်ယောက်ပါတယ်။ ဆုငွေက ကျနော်တို့ တတ်နိုင်သလောက် ချ(ဆု)ထားတယ်။ အများကြီးတော့ မဟုတ်ဘူး။ နယ်ဘက်လား အိန္ဒိယဘက်လား သူတို့သွားချင်တဲ့ဘက်ကို ကျနော်တို့ အတတ်နိုင်ဆုံး လိုက်ပို့ပေးတယ်” ဆိုပြီး ပြောပါတယ်။
၎င်းတို့ ၄ ဦးကို ကြိုဆိုပြီး ဆုငွေ ချီးမြှင့်ပေးကာ လုံခြုံတဲ့နေရာ ရောက်တဲ့အထိ ပို့ဆောင်ပေးခဲ့ပြီးတော့ နောက်ထပ် အလင်းဝင်လိုသူတွေအနေနဲ့ ဟားခါး CDF ထံ ဆက်သွယ်ပြီး အလင်းဝင်နိုင်ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
အာဏာသိမ်း ၄ နှစ်တာကာလအတွင်း ဟားခါး CDF ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီ လက်အောက်က စစ်သား ၆၀၊ ၇၀ ဦးခန့်အထိ ရှိလာပြီလို့ ဟားခါး CDF မှ တာဝန်ရှိသူ ပါရွှေက ဆက်ပြောပါတယ်။