အိုက်ပွီး၊ အောက်တိုဘာ ၂၄ ရက်၊ ကန်ပက်လက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ မြို့မရပ်ကွက်က မင်္ဂလာဆောင်ပွဲတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူ ၄ ဦးသေဆုံးပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲမင်္ဂလာဆောင်ပွဲကို ဒီနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ခန့်မှာ ဂျက်ဖိုက်တာတစ်စီးနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
“ပထမတစ်ကြိမ် ဗုံးသီးတစ်လုံး၊ နောက်ထပ် ဒုတိယအကြိမ်မှာ ဗုံးသီးနှစ်လုံး ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲသွားတာပါ။”လို့ ကန်ပက်လက်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်လို့ မင်္ဂလာဆောင်ပွဲလာတဲ့ လူ ၄ ဦးသေဆုံးပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာရကာ ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“လူ ၄ ယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ ကလေးတစ်ယောက်ပါတယ်။ ၁၅ ယောက်လောက် ဒဏ်ရာရတယ်။ လူ ၅ ယောက်က ပြင်းထန် ဒဏ်ရာရတယ်။” လို့ ကန်ပက်လက်မြို့နယ်ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒါ့အပြင် အဲလေကြောင်း တိုက်ခိုက်မှုမှာ ပျောက်ဆုံးသူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။