ယာရူစိင်၊ ဩဂုတ် ၂၈ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၄ ဦး သေဆုံးပြီး ၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ်လ ၂၇ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ဝက်လက်မြို့နယ် ရုံပင်ကုန်းကျေးရွာက စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ ဘုန်းကြီးကျောင်းထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ရုံပင်ကုန်းရွာရဲ့ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို ကြဲတာပါ။ ၄ ဦး သေဆုံးပြီး ၁ ဦး ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာပေါ့နော်။ ဒဏ်ရာရတာက လက်ရှိတော့ ၆ ဦးပေါ့” လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။
ရုံပင်ကုန်းရွာမှာ တိုက်ပွဲဖြစ်ပွါးတာမရှိတာကြောင့် စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ဝက်လက် ခရိုင်ချင်းဆက်တဲ့ လမ်းပေါ်က တောင်ရင်းရွာအနီးရှိ စားသောက်ဆိုင်တစ်ခုမှာ ရပ်ထားကြတဲ့ ကားတန်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၆ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဇူလိုင် ၁၇ ရက်ကလည်း ဝက်လက်မြို့အရှေ့ခြမ်းရှိ ရှားကွဲ၊ ငါးပတ်ချောင်းနဲ့ ရေလည်မော်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၁ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်ကလည်း ရေလည်မော်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။