လွေးထွေး၊ ဖေဖော်ဝါရီ ၂ ရက်၊ ဆောထိ
ကရင်ပြည်နယ် ဆောထိမြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲတာနဲ့ လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာ ရခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး- KNU က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက် သေခိုဆယ်ဒဲရွာထဲ တိုက်လေယာဉ် ၃ စီးနဲ့ ဗုံး ၂ ကြိမ် ကြဲချခဲ့သလို စက်သေနတ်နဲ့ပါ ပစ်ခတ်ခဲ့လို့ အသက် ၁၆ နှစ်နဲ့ ၂ နှစ်အရွယ်ကလေးငယ် အပါအဝင် ၄ ဦး ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ကျနော်တို့တပ်တွေ ဟိုးရန်ကုန်-မန္တလေးကားလမ်းမကြီးနားအထိ ကပ်ထားကုန်တော့ သူတို့စစ်ကြောင်း မထွက်နိုင်တော့လို့ အဲဒီရွာသားရှိတဲ့ဖက်ကို အမြဲတမ်းလက်နက်ကြီး၊ လေယာဉ်ပျံနဲ့ဘဲ လာပစ်တာပါ” လို့ ရွှေဖီမြေကို ပြောပါတယ်။
ဇန်နဝါရီ ၃၁ ရက် တစ်ရက်ထဲမှာတင် ပဲခူးတိုင်း မူးမြို့နယ်ကို ပေါင် ၃၀၀ ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သူက ပြောဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်မှာလည်း စစ်တပ်က ခလရ ၂၆၄ တပ်ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ချုံးအင်းရွာထဲ ကျရောက်ပေါက်ကွဲရာ နေအိမ်တချို့နဲ့ အိမ်မွေးတိရိစ္ဆာန် သေဆုံးခဲ့ရကြောင်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။