လွေးလာဝ်ဇာရ်၊ ဇွန်လ ၁ ရက်၊ ဆီဆိုင်
ရှမ်းတောင် ဆီဆိုင်မြို့နယ် ထီစုံရွာအနီးက တိုက်ပွဲအတွင်းမှာ ဖမ်းမိထားတဲ့ ပအိုဝ်းအမျိူးသား လွတ်မြောက်ရေးတပ်မတော် PNLA စစ်သုံ့ပန်း ၄ ဦးကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO ဘက်က ပစ်ခတ်တဲ့ ရုပ်သံရရှိထားကြောင်း PNLA က ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ ထီစုံရွာအနီးက ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို အခုလို သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။
ခွန်ရိန်းယံက “ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်တုန်းက ကျနော်တို့ ထုတ်ပြန်တဲ့ ဖြစ်စဉ်ပေါ့လေ။ အဲတုန်းက သူတို့က ကျနော်တို့ရဲ့ ရဲဘော် ၅ ဦးကို ဖမ်းမိထားတယ်။ တစ်ပြိုင်နက် ၅ ဦး စလုံးကို သတ်ပစ်တာတော့ မဟုတ်ဘူး။ တစ်ယောက်ကိုတော့ တခြားနေရာမှာ သတ်ပစ်တာ။ ၄ ယောက်က Video ထဲမှာ ပါတဲ့အတိုင်း ပစ်သတ်တာ” လို့ ပြောပါတယ်။
PNLA အနေနဲ့ PNO ရဲ့ ဗိုလ်မှူးအဆင့်အထိ ဖမ်းမိထားတာရှိပေမယ့် အခုလိုမျိုး ညှင်းပန်းနှိပ်စက်တာ၊ ပစ်သတ်တာမျိုး မလုပ်ဖူးတဲ့အပြင် စစ်သုံ့ပန်းတွေကိုလည်း ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ခွန်ရိန်းယံက ဆိုပါတယ်။
“ကျနော်တို့အနေနဲ့က ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေဆိုရင် ပအိုဝ်းစာပေယဉ်ကျေးမှု ဗဟိုကနေသော်လည်းကောင်း၊ ပအိုဝ်းရဟန်းအဖွဲ့ကသော်လည်းကောင်း မေတ္တာရပ်ခံလာလို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့လူလည်း ရှိပါတယ်။ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်းတွေဆိုရင်လည်း ဆေးဝါးကုသမှုတွေ ပေးတယ်။ အသက်ရှင်သန်ခွင့် ပေးတယ်။ သူတို့ကတော့ စစ်သုံ့ပန်းတွေကို စစ်သုံ့ပန်းနဲ့အညီ ဆက်ဆံတာမရှိဘဲနဲ့ ဒီလိုမျိုး စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်”
PNLA ထုတ်ပြန်ထားတဲ့ ဒီရုပ်သံဖိုင်ကို PNLA ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ ဖုန်းထဲမှာ တွေ့ရှိတာဖြစ်ပြီး စစ်သုံ့ပန်းတွေလည်း သက်သေထွက်ဆိုထားတာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ PNLA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်တုန်း ရပ်ရွာအလည်ပြန်တဲ့ PNLA တပ်ဖွဲ့ဝင် ၅ ဦးကို PNO ဘက်က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးတယ်လို့ ခွန်ရိန်းယံက ပြောဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။