ရွှေဖီမြေ၊ စက်တင်ဘာ ၁၆ ရက်၊ မတ္တရာ
မန္တလေးတိုင်း မတ္တရာမြို့နယ် ဥက္ကံရွာအနီးမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ဒေသခံ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ Voice Of Mandalay က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၆ ရက် နေ့လည် ၂ နာရီခွဲမှာ ဥက္ကံရွာအနီးရှိ ဝပ်ရှော့ဆိုင်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၅၀ အရွယ် ဦးဝင်းနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၀ ကျော် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာစိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မတ္တရာမြို့နယ် မတ္တရာအရှေ့မြောက်ခြမ်းရှိ ဋီကာ စာသင်ကျောင်း အနီးတစ်ဝိုက်ကိုလည်း ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြာရွာနဲ့ ညောင်ပင်သာရွာကို စစ်ကောင်စီတပ်က Y -12 လေယာဉ်နဲ့ ဗုံးသီး ၄၀ ကြဲချတိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။