ယာရူစိင်၊ ဒီဇင်ဘာ ၈ ရက်၊ ဖားကန့်
ကချင်ပြည် ဖားကန့်မြို့နယ် မလောင်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် မိသားစု ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၇ ရက် ည ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့လာရောက်ဗုံးတိုက်ခိုက်မှုကြောင့် ဖားကန့်မြို့နယ် မလောင်ကျေးရွာရှိ နေအိမ် ၁ လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
“မိသားစုဝင်က ၅ ဦးပါ။ ၇ လသားအရွယ်ကလေးငယ်နဲ့ ၁၆ နှစ်အရွယ်သားတွေက အသက်ရှင်ကျန်ရစ်ခဲ့ရတာပါ။ ကျန် ၃ ဦးက အသက်ရှုံးဆုံးသွားပါတယ်။ အကြီးဆုံးသားနဲ့ အငယ်ဆုံးတို့က ကျန်ခဲ့တာပါ”
စစ်ကောင်စီတပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ဖခင်ဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဦးဇော်လွင်ဦး၊ မိခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဒေါ်တင်မိုးလှိုင်နဲ့ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်ဖြိုးဝေထွန်းတို့က သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းမှာလည်း ဖားကန့်ဗျူဟာကုန်းကနေ မနရွာထဲ စစ်တပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် လင်မယား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဖားကန့်မှာ စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ဒရုန်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း နေ့စဉ် ရှိနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။