လွေးဇွန်မိုး၊ ဩဂုတ် ၄ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ၂ ရက်အတွင်း ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဩဂုတ် ၄ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာ ဖားကန့်ဗျူဟာကုန်းကနေ မျောက်ဖြူကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၅ နှစ်အရွယ် ယောက်ျား ကလေးနဲ့ ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ ၅ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ Tarlin Mg က ပြောပါတယ်။
“လက်ရှိမှာတော့ တော်လှန်ရေးတပ်တွေက ညောင်ပင်ကုန်းကို စစ်ကောင်စီကို ပြန်ပြီးတော့ ထိုးစစ်ဆင်နိုင်တဲ့အခါ လေယာဥ်လာမှာကိုတော့ ဂရုစိုက်နေရတဲ့အနေအထားပေါ့နော်။ နောက်တစ်ခုက စစ်ကောင်စီ ဖားကန့်ပျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးက တိုက်ပွဲဖြစ်ရာနေရာကို ကျော်ပြီးတော့မှ ကျေးရွာတွေပေါ်ကို ကျရာကနေပြီးတော့မှ ထိခိုက်သေဆုံးမှုတွေ ဖြစ်တဲ့အနေအထားရှိတာပေါ့နော်”
အလားတူ မနေ့ ဩဂုတ် ၂ ရက်မှာလည်း စစ်ကောင်စီဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရှရော်ခကျေးရွာက အသက် ၂၁ အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး ရှရော်ခကျေးရွာက ဒေသခံ ၁ ဦးနဲ့ ဆန်းကြွယ်ကျေးရွာက ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိမှာလည်း ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။