လွေးထွေး၊ ဧပြီ ၃၀ ရက်၊ ကွတ်ခိုင်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ ရရှိရန် ကျန်နေတဲ့ ငွေကိုတောင်းရာကနေ စကားများရန်ဖြစ်ပြီး ရိုက်နှက်မှုဖြစ်လို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်ကို သိရသူ အမျိုးသားရဲ့ပြောပြချက်အရ သိရပါတယ်။
ဧပြီ ၂၇ ရက် ညနေ ၆ နာရီ ဝန်းကျင်မှာ ရပ်ကွက်(၈)က ဗြုံးဖိုး ၁၀ သိန်းကျော် ရရမယ့်လူတွေနဲ့ ခိုလုံရွာရှိ ဗြုံးဝယ်ထားတဲ့သူတွေက ရပ်ကွက် ၈ မှာ စကားများရန်ဖြစ်ပြီး ဗြုံးဖိုးရရမယ့် မိသားစုက ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဖြစ်စဉ်ကိုသိရသူ အမျိုးသားတစ်ဦးက “ဗြုံးဖိုး ပေးရမှာက ကြာနေပြီတဲ့ အဲတာကို လာတောင်းတော့ သူတို့ကပေးစရာမရှိသေးဘူးတဲ့။ အဲတာကို မသိဘူး စကားများကြတာ။ ရိုက်ကြတာပေါ့” လို့ ပြောပါတယ်။
၎င်းရိုက်နှက်ခံရသူ ၃ ဦးဟာ လက်ရှိမှာတော့ ကွတ်ခိုင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ရိုက်နှက်သူနဲ့ ဖြစ်စဉ်ကို သိရဖို့ စစ်ဆေးရန် အနီးဝန်းကျင်က ၅ ဦးကို TNLA က ဖမ်းဆီးသွားသလို ၂ ဦးကိုလည်း MNDAA က ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
ခိုလုံရွာထဲ MNDAA က ဝင်ရောက်ဖမ်းဆီးချိန် ရွာသားအမျိုးသား ၁ ဦးကိုလည်း သေနတ်ဒင်နဲ့ ရိုက်နှက်ခဲ့ကြောင်း ဖြစ်စဉ်ကိုသိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။