ယာရူစိင်၊ ဒီဇင်ဘာ ၁၉ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် နေ့လယ် ၁ နာရီ ၁၃ မိနစ်မှာ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးမှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“စစ်ဘေးရှောင်နေရာကို ထပ်ကြဲသွားတာပါ။ ဒဏ်ရာရတဲ့ထဲက အသက် ၃၀ နှစ်အရွယ်ကတော့ နည်းနည်းစိုးရိမ်ရပါတယ်။ နေအိမ်ပျက်စီးတဲ့ စာရင်းတော့ မသိရသေးပါဘူး”
စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၃၀ နှစ်အရွယ် ကိုစောထွန်း၊ အသက် ၃၄ နှစ်အရွယ် ကိုမျိုးအောင်နဲ့ အသက် ၅၀ နှစ်အရွယ် ဒေါ်နီတို့ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက် ည ၉ နာရီခွဲမှာလည်း ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးမှာရှိတဲ့ စစ်ရှောင်စခန်းကိုပဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၄ ဦးသေဆုံးပြီး ၁၀ ဦးနီးပါးဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကနေ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက်အထိ ဝက်လက်မြို့နယ် အရှေ့ခြမ်း ဒေသခံတွေက စစ်ကောင်စီတပ်ရဲ့ လေကြောင်းဒဏ်ကို ခံစားနေရတာဟာ ၅ ကြိမ်မြောက်အထိ ရှိပြီး အဲဒီဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၁၇ ဦးသေဆုံးခဲ့သလို ၃၀ ဦးနီးပါးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကိုမုန်တိုင်းက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းအပါအဝင် စစ်ကြောင်းထိုးတာတွေ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်နေ့တိုင်း ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။