ရဲမာန်၊ စက်တင်ဘာ ၈ ရက်၊ အုတ်ဖို
ပဲခူးတိုင်း အုတ်ဖိုမြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်တပ်က လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖို့ရဲ့ ရဲဘော်အောင်ဇေယျမှ ရွှေဖီမြေကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၇ ရက် ညနေ ၅ နာရီခွဲခန့်မှာ စစ်တပ်က ကိုင်းကြီး၊ ချင်းစုနဲ့ ဒေါင်းကြီးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“ချင်းစုက အရပ်သား ၃ ဦး သေတယ်။ ဒေါင်းကြီးက အရပ်သား ၂ ဦး ဒဏ်ရာရတယ်”
သေဆုံးသွားသူတွေကတော့ အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ကိုတင်မျိုး၊ အသက် ၃၆ နှစ်အရွယ်ရှိ ကိုချစ်ကောင်းနဲ့ အသက် ၁၅ နှစ်အရွယ်ရှိ ခန့်ကျော်သူတို့ ဖြစ်ပါတယ်။
ဒေါင်းကြီးကျေးရွာက ဒဏ်ရာရရှိသူ ၂ ဦးကတော့ အသက် ၃၇ နှစ်အရွယ်ရှိ ဦးအယ်ဆေးနဲ့ အသက် ၁၄ နှစ်အရွယ် သမီးဖြစ်သူ မြမြသင်းတို့ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက် နေ့လယ် ၁၁ နာရီခွဲခန့်မှာ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်က ကျောက်ပြင်သာနဲ့ ဖလန်ပင်ရွာတို့ကို စစ်တပ်က စက်တပ်လေထီး ၄ စီးနဲ့ ဗုံးသီး ၁၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။