လွေးဇွန်မိုး၊ စက်တင်ဘာ ၁၇ ရက်၊ မတ္တရာ
မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒီယာရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးထပ်ကြဲလို့ အသက်မပြည့်သေးတဲ့ ကလေး ၃ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့ စက်တင်ဘာလ ၁၆ ရက် နေ့လည် ၂ နာရီခွဲ ဝန်းကျင်မှာ ဒီယာရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် စာသင်ကျောင်းအနီးမှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ၁၇ နှစ်အရွယ် ကလေးတစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ သိရှိသူတစ်ဦးက ပြောပါတယ်။
“၃ ဦး သေတယ်ဗျ။ ကလေးတွေက စစ်ရှောင်တစ်ဦး ရွာခံကလေး ၂ ဦး။ ဘယ်ရွာက စစ်ရှောင်တာလဲတော့ မသိဘူး။ စစ်ဘေးရှောင်တွေ နေတယ်လေ အဲမှာ”လို့ ဆိုပါတယ်။
အလားတူ မနေ့ စက်တင်ဘာ ၁၆ ရက် တစ်ရက်ထဲမှာပဲ မတ္တရာမြို့နယ် ဥက္ကံရွာအနီးရှိ ဝပ်ရှော့ဆိုင်ကိုလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်မှာလည်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြာရွာနဲ့ ညောင်ပင်သာရွာကို စစ်ကောင်စီတပ်က Y -12 လေယာဉ်နဲ့ ဗုံးသီး ၄၀ ကြဲချတိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။