ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၄ ရက်
စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝှမ်းမှ ကလေးငယ် ၂၅၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၉ လအရွယ် ကလေးငယ်တစ်ဦး (အမျိုးသား)အပါအဝင် ၁၈ နှစ်အောက် ကလေးငယ်(အမျိုးသမီး) ၉၉ ဦးနဲ့ ကလေးငယ် (အမျိုးသား) ၁၅၁ ဦး စုစုပေါင်း ၂၅၀ ဦး သေဆုံးတာကို AAPP က နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူထဲ ရခိုင်ပြည်နယ်မှ ၆၃ ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာတော့ ၅၅ ဦးနဲ့ သေဆုံးမှု ဒုတိယအများဆုံး ဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့ အကြောင်းအရင်းကတော့ လေကြောင်းကြောင့် ၁၃၁ ဦး အများဆုံး သေဆုံးခဲ့ပြီးတော့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၈၇ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။