ယာရူစိင်၊ ဩဂုတ် ၁၆ ရက်၊ သိန္နီ
MNDAA ထိန်းချုပ်ဒေသဖြစ်တဲ့ သိန္နီမြို့တွင်းမှာ ဖမ်းဆီးရမိတဲ့ ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း) လုပ်ကိုင်သူ ၂၃ ဦးကို ကိုးကန့်တပ်က “ဝ”တပ်- UWSA ထံ လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ကိုးကန့်တပ် ဖမ်းဆီးရမိတဲ့ ကျားဖြန့် ၂၃ ဦးကို “ဝ”တပ်ထံ ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်က လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
“ဟိုပန် ဖောင်ဆိပ်တံတားမှာ ကိုးကန့်က “ဝ”တပ်ထံ လွှဲပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီးတော့လည်း “ဝ”တပ်ဘက်လည်း ကိုးကန့်တပ်က လွှဲပေးတဲ့ ကျားဖြန့်တွေကို တရုတ်ထံ ပြန်အပ်ခဲ့တယ်လို့ သိရပါတယ်။ “ဝ”တပ်ကတော့ ဖမ်းမိရထားတဲ့ ကျားဖြန့်တွေကို တရုတ်ထံ လွှဲပြောင်းနေကြပဲလေ” လို့ သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်ကလည်း တန့်ယန်းမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆၆ ဦးကို UWSA က တရုတ်ထံ လွှဲပြောင်းပေးခဲ့ဖူးပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ဟိုပန်မြို့ မိန်းပန်း(ရှမ်း) ရပ်ကွက်ထဲရှိ ကျားဖြန့်လုပ်ငန်းတစ်ခုကို “ဝ”တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ ၁၀၅ ဦးနဲ့ ကျားဖြန့်ရုံအတွင်း အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။