ရဲမာန်၊ ဩဂုတ် ၁၇ ရက်၊ မော်ချီး
ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်းနဲ့ နှစ်ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၁၇ ရက် နေ့လယ် ၁၂ နာရီကျော်မှာ ၁၆ ကုန်းရပ်ကွက်ကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၅ ဦးအပါအဝင် ၂၂ ဦး သေဆုံးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“မနက်ပိုင်းက ၉ နာရီဝန်းကျင်မှာ တစ်ခါကြဲတယ်။ ဒီနေ့က ၁၃ ကုန်းနဲ့ ၁၆ ကုန်း နှစ်နေရာ ကြဲသွားတာ။ ၁၆ ကုန်းက ဒုတိယအခေါက်ပေါ့နော်”
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက် မနက် ၁၀ နာရီခန့်ကလည်း ဖားဆောင်းမြို့နယ် ခဲမဖြူရွာအနီးကို ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် ၁၁ နာရီဝန်းကျင်မှာ မော်ချီးဒေသ ရပ်ကွက် ၁၅ က ခဲကျင်းကို ပေါင် ၂၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၇ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။
မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာဟာ ဒီတကြိမ်အပါအဝင် ၁၀ ကြိမ်မြောက် ရှိနေပြီဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။