ယာရူစိင်၊ ဇူလိုင် ၁၈ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခံရလို့ ဒေသခံ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ဝက်လက်မြို့အရှေ့ခြမ်းရှိ ရှားကွဲ၊ ငါးပတ်ချောင်းနဲ့ ရေလည်မော်ရွာတွေကို စစ်ကောင်စီတပ်က Y12 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃၀ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
“တိုက်ပွဲဖြစ်ပွါးတာ မရှိပဲ လာကြဲသွားတာပါ။ ဗုံးသီးတွေ ကြဲသွားတယ်။ သိရသလောက် ပေါင် ၃၀၀ နဲ့ ကြဲသွားတယ်။ ရှားကွဲရွာကို အရင်ကြဲသွားတာ။ အဲရွာတွေက မြစ်ကမ်းဘေးက ရွာတွေပါ။ နေအိမ်တွေလည်း အများကြီး ပျက်စီးသွားတာ ရှိပါတယ်။ လက်ရှိအချိန်ထိ စစ်ဆေးနေဆဲပါနော်”
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေ များပြားနေတာကြောင့် သေဆုံးမှုတွေလည်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ ဒေသခံသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကလည်း မြို့နယ် ရေလည်မော်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်မှာတင် လင်းတလူးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင်ကလေးငယ်အပါအဝင် ၂၈ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိတဲ့သူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။