လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၁၄ ရက်၊ နမ့်ဆန်
တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ် အုမ်းမစွမ်ကျေးရွာမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာရတဲ့ ညီအစ်မ ၂ ဦးထဲက ၁ ဦး သေဆုံးသွားခဲ့ပြီး ဒဏ်ရာရသူ ၃ ဦး အထိရှိလာတယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၄ ရက် မနက် ၇ နာရီဝန်းကျင်မှာ လေယာဉ်၁စီးနဲ့ ဗုံး ၄ လုံး လာရောက်ကြဲချခဲ့တဲ့အချိန်မှာ ဒဏ်ရာရသွားတဲ့ အသက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ မသင်းသင်းနွယ်ဆိုသူဟာ ဒဏ်ရာပြင်းထန်တဲ့အတွက်ကြောင့် ၈ နာရီအကျော်မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက “ဒဏ်ရာရတဲ့ နှစ်ယောက်ထဲက အကြီးမဖြစ်သူ ဆုံးသွားတာ။ ဗုံးအစက သူ့နောက်ကျောမှာ ဝင်သွားပြီးတော့မှ ဗိုက်ဖောင်းသွားတာ။ ကုလို့မရတော့လို့ သေဆုံးသွားတာ” လို့ ပြောပါတယ်။
ဗုံးကြဲမှုကြောင့် ဒဏ်ရာရသွားတဲ့ အသက် ၁၅ နှစ်ရှိပြီဖြစ်တဲ့ ညီမဖြစ်သူ မမေတင်းနွယ်ဆိုသူလည်း ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဗုံးကြောင့် ဒဏ်ရာထပ်မံရရှိထားတဲ့ အသက် ၁၀ နှစ်အရွယ် မိုင်းကောင်းချစ်ဖြိုးနဲ့ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ယာနိုင်လင်း ဆိုသူလည်း ဒဏ်ရာရရှိထားတဲ့အပြင် နေအိမ် ၈ လုံးလည်း ထိမှန်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
မနေ့ အောက်တိုဘာ ၁၃ ရက်မှာလည်း နမ့်ဆန်မြို့နယ် ကယားကြီးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းဆောင်နဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ တအာင်းတပ်ထိန်းချုပ်ထားတဲ့ မြို့၊ ကျေးရွာတွေကို ဗုံးဆက်တိုက်ကြဲနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကနေ မနေ့ ၁၄ ရက်အထိ ၉ ရက်အတွင်း ကလေး (၅) ဦးအပါအဝင် (၃၂)ဦးသေဆုံးခဲ့ပြီး ကလေး (၁၀) ဦးအပါအဝင် (၃၂) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။