ရွှေဖီမြေ၊ ဇူလိုင် ၄ ရက်၊ ဖယ်ခုံ
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းတောင်-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲတိုက်ပွဲမှာ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကျွဲချိုတပ်ခွဲက မနေ့ ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မိုးဗြဲ PDF ကျွဲချိုတပ်ခွဲရဲ့ ရဲဘော်တွေဖြစ်တဲ့ အသက်(၁၈) နှစ်အရွယ် မောင်ဒေးဗစ်နဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဝင်းကိုနိုင်ဆိုသူ ၂ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက် မိုးဗြဲတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ၎င်းတို့လက်လွှတ်ထားရတဲ့ မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီစစ်ကြောင်းဟာ မိုးဗြဲမြို့တွင်းက နေရာအများစုကို ပြန်ထိန်းချုပ်နိုင်ပြီလို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေးတပ်တွေက ၁၁၁၁ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းနိုင်ခဲ့ပေမဲ့ မြို့အနီးရှိ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း- ၄၂၂ တပ်စခန်း ကျန်ရှိနေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။