မိုင်းပန်ပျော်၊ ဇန်နဝါရီ ၂၅ ရက်၊ သီပေါ
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်ပစ်ဗုံး ဆော့ကစားရာကနေ ပေါက်ကွဲပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့ပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၅ ရက် ၁၀ နာရီဝန်းကျင်က တုံစင့်ရပ်ကွက် နယ်မြေ ၂ မှာ စစ်တပ်ရဲ့ လက်ဗစ်ဗုံးကို ဆော့ကစားရာကနေ ဗုံးပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့ ရွှေဖီမြေရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“အဲနှစ်ယောက်က စကစရဲ့ လက်ပစ်ဗုံး စနတ်ကိုစွဲတာ အဲဒါပေါက်ကွဲပြီး တစ်ယောက်က ပွဲချင်းပြီး သေတယ် တစ်ယောက်က သီပေါဆေးရုံရောက်မှ သေတာ”
သေဆုံးသူရဲ့အလောင်းကို တအာင်းတပ်ရဲ့ သီပေါမြို့နယ် ရဲတပ်ဖွဲ့က သယ်ဆောင်ပြီး သီပေါဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။
လက်ပစ်ဗုံး ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူက အသက် ၃၀ အရွယ်ရှိ ကိုကျော်ဇေယျဦးနဲ့ ၃၂ နှစ်အရွယ် ဖိုးသားဆိုသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်က သီပေါမြို့နယ် မန်ကောင်းရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီ ၇ ရက်ကလည်း သီပေါမြို့နယ် စံဖိတ်ရွာက ဦးအိုက်ဆိုင်ဆိုသူဟာ ခြံအတွင်း မြက်ရှင်းရာကနေ မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပါတယ်။