ယာရူစိင်၊ ဒီဇင်ဘာ ၁၄ ရက်၊ စဉ့်ကူး
တော်လှန်ရေးတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့တယ်လို့ Wetlet Information Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာရှိ နေအိမ်ပေါ်ကို စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေအပြင် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“နေ့တိုင်းနီးပါး ဗုံးကြဲနေတာဆိုတော့ ထိခိုက်သေဆုံးမှုတွေ ခဏခဏရှိနေတာပါ။ လေယာဉ်နဲ့ မဟုတ်ပဲ ဒရုန်းနဲ့ ၁၂၀ ဗုံးသီးချတာဆိုတော့ နေအိမ်ထိခိုက်မှုတော့ နည်းတယ်။ ဒေသခံတွေပဲ ထိခိုက်သေဆုံးမှုတွေ ရှိတာပါ”လို့ ကိုမုန်တိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် ညနေ ၃ နာရီခွဲမှာလည်း စဉ့်ကူးမြို့နယ် လက်ပံလှကျေးရွာမှာရှိတဲ့ ပင်လယ်ကြီးရပ်ကွက်ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးလေကြောင်းအပါ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်နေ့တိုင်း ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။