ယာရူစိင်၊ ဇူလိုင် ၁၄ ရက်၊ သီပေါ
PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို ဒီနေ့ ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရရှိရပါတယ်။
သီပေါမြို့ လားရှိုး – မန္တလေး လမ်းပေါ်က Hsipaw မိုဘိုင်းဖုန်းဆိုင်အနီးနဲ့ ရွှေလုံးအလှပြင်ဆိုင်အနားမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာပါ။
“Tai House ထဲ တလုံးကျတယ်။ ၂ ယောက်သေတာက ရွှေလုံးဆိုင်ရှင်နဲ့ အဲဆိုင်ရှေ့က ကယ်ရီသမားပေါ့။ ဒဏ်ရာရတာက ၁ ဦးတော့စိုးရိမ်ရတယ်။ ၁ ဦးတော့ မစိုးရိမ်ရဘူး”
ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကလည်း သီပေါမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့ အစိုးရအဆောက်အဦး ၅ လုံးနဲ့ နေအိမ် ၈ လုံးထက်မနည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
မနေ့ ဇူလိုင် ၁၃ ရက်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်အနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
ဒါ့အပြင် မနေ့ ဇူလိုင် ၁၃ ရက်မှာတင် ကျောက်မဲမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေရရှိထားတဲ့စာရင်းအရ TNLA ထိန်းချုပ်ထားတဲ့ မြို့တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်နဲ့ သီပေါမြို့တွေမှာ ၂ ပတ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး ၄၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။