ယာရူစိင်၊ ဇူလိုင် ၃၀ ရက်၊ ချောင်းဦး
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကျီးကုန်းရွာကို စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ဦးအပါ ဒေသခံ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
မနေ့ ဇူလိုင် ၂၉ ရက် ညနေ ၄ နာရီခွဲမှာ ချောင်းဦးမြို့နယ် ကျီးကုန်းရွာအနီးရှိ စစ်ကောင်စီတပ်ရဲ့ မြပုလဲအထိုင်ချစခန်းကနေ ကျီးကုန်းရွာအတွင်းကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“သေဆုံးတဲ့ ၂ ဦးထဲက ကလေးငယ် ၁ ဦးလည်း ပါဝင်တယ်။ ကျီးကုန်းရွာမှာက တိုက်ပွဲဖြစ်ပွါးတာလည်း မရှိပါဘူး။ မြပုလဲဘက်ကနေ ကျီးကုန်းရွာဘက်ကို လက်နက်ကြီးပစ်လိုက်တာ”လို့ ချောင်းဦးမြု့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးငယ် ၁ ဦးနဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ဒဏ်ရာရသူတွေကတော့ အသက် ၁၀ နှစ်အရွယ် ကိုရင်လေး ၁ ပါးအပါအဝင် အမျိုးသား ၃ ဦး၊ အသက် ၆၀ နှစ်အမျိုးသမီး ၁ဦးနဲ့ အသက် ၄၀ နှစ်အမျိုးသမီး ၁ ဦး ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။