ခိုင်လေး၊ မေလ ၁၄ ရက်၊ ဝက်လက်မြို့
စစ်ကိုင်းတိုင်း ဝက်လက်မြို့ စခန်းသာရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မေလ ၁၃ ရက် ည ၄ နာရီ ဝန်းကျင်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးဟာ ဝက်လက်မြို့ အရှေ့မြောက်ဘက်က စခန်းသာရွာ ကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြေပြင် အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်
”စခန်းသာရွာက ပြည်သူ အသက် ၂၀အရွယ် အမျိုးသား ကိုအောင်လှိုင်ဝင်း ၁ဦး နဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသမီး မယဉ်ယဉ် ၁ဦးတို့ သေဆုံးတယ်။ နောက်ပြီ နွား ၂ကောင်လည်း သေတယ်။ ဒဏ်ရာရတဲ့သူက ၇ ဦး ရှိတယ်။နေအိမ်တွေလည်း ပျက်စီးခဲ့တာရှိတယ်”
စစ်တပ်ဟာ ဒေသခံတွေ နေထိုင်တဲ့ နေရာတွေကို အဓိကထား လေကြောင်းတိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဝေဟင် အသိ၊သတိ ရှိကြဖို့ ဗုံးခိုကျင်းတွေတူးပြီး နေထိုင်ကြဖို့ကို တော်လှန်ရေးပြည်သူတွေက အသိပေးပြောဆိုထားတာရှိပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်က ဝက်လက်မြို့ အနောက်ဘက်ခြမ်းက ရွာတော်ကုန်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
အလားတူ မေလ ၁၁ ရက်ကလည်း ဝက်လက်မြို့ အနောက်ဘက်ခြမ်းကို တံတားဦးလေတပ်မှာ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ဒေသခံ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။