ယာရူစိင်၊ ဇန်နဝါရီ ၂၅ ရက်၊ ကျောက်ဖြူ
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်က စစ်ရှောင်တွေ နေထိုင်တဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၂ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က ထုတ်ပြန်ထားပါတယ်။
မနေ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ် မူရွင်းကျေးရွာရှိ စာသင်ကျောင်းအနီးက စစ်ရှောင်တွေနေထိုင်တဲ့ နေရာကို စစ်ကောင်စီတပ်က ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“မနေ့ ၂၄ ရက်မှာတင် ညနေ ၅ နာရီခွဲမှာလည်း မူရွင်းနဲ့ ကုန်ဘောင်ရွာဘက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေက စစ်ရှောင်တွေပါပဲ။ သေဆုံးမှုက ထပ်တိုးလာနိုင်တဲ့ အခြေအနေတော့ ရှိပါတယ်” လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသား တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် သိုင်းချောင်းရွာက လာရောက်စစ်ရှောင်နေတဲ့ အသက် ၈၁ နှစ်အရွယ် ဒေါ်ဖြူနုမနဲ့ အသက် ၅၆ နှစ်အရွယ် ဦးမှဲဒေါင်းတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ခြုံဒွိန်ကျေးရွာက အသက် ၉ လအရွယ် မောင်အေးမင်းခိုင်၊ အသက် ၃၄ နှစ်အရွယ် ဒေါ်ခင်ဆန်းဝင်း ၊ သိုင်းချောင်းကျေးရွာက အသက် ၅၆ နှစ်အရွယ် ဒေါ်မမြရင်၊ ဇိုင်ချောင်းကျေးရွာက အသက် ၆၇ နှစ်အရွယ် ဒေါ်ဘနုမနဲ့ အသက် ၆၃ နှစ်အရွယ် ဦးမောင်ကျော်တို့က ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း ကျောက်ဖြူမြို့နယ် ဇင်ချောင်း ကုန်ဘွေရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ရှောင်ဒေသခံတွေ နေထိုင်တဲ့နေရာတွေကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လာနေကြောင်းကိုလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီ ၁၃ မိနစ်မှာလည်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ အရပ်သားတွေ ဆေးကုသတဲ့ မြောက်ဦးမြို့ဆေးရုံကြီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံကြီးက တာဝန်ကျတဲ့ ဆရာမတချို့အပါအဝင် ဒေသခံ ၃၄ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၈၀ နီးပါးအထိ ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။