မိုင်းရူပ၊ အောက်တိုဘာ ၅ ရက်၊ သီပေါ
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ် ကျင်သီရွာဗုံးကြဲခံရမှုမှာ သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရသူ ၃ ဦးရှိလာတယ်လို့ သေဆုံးသူအလောင်းကို သယ်ထုတ်ပေးတဲ့ လူမှုကူညီရေးအဖွဲ့တွေက ရွှေဖီမြေကို ပြောပါတယ်။
ကျင်သီရွာထဲကို မနေ့ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူတွေထဲက အမျိုးသားတစ်ဦးဟာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်တစ်ဦးကတော့ လားရှိုးဆေးရုံသို့ ပို့ဆောင်စဉ် လမ်းမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။
“တစ်ဦးက လားရှိုးအဝင်မှာ မနေ့ည ၁၁ နာရီလောက်မှာ ဆုံးသွားတာ။ တစ်ဦးက မနေ့ညတည်းက သီပေါမှာ ဆုံးသွားတယ်” လို့ သေဆုံးသူတွေကို ကူညီကယ်ဆယ်ပေးနေတဲ့ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်ကစပြီး တအာင်းတပ် ထိန်းချုပ်ထားတဲ့ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မိုးကုတ်နဲ့ မန်တုံမြို့တွေကို လေယာဉ်နဲ့ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
မနေ့ အောက်တိုဘာ ၄ ရက်မှာလည်း စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ် ဇယ်တုန်ဟုန်းရွာထဲကို ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကလေး ၂ ဦး သေဆုံးပြီး ၉ ဦးထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂ ရက် မနက် ၇ နာရီ ၁၅ မှာ စစ်ကောင်စီတပ်က နမ္မတူမြို့ ရပ်ကွက် (၈) ရှိ လူနေထူထပ်တဲ့ ရပ်ကွက်ထဲကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပါတယ်။
တအာင်းတပ်ဘက်ကတော့ စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြုပြီး အရပ်သားလူထုအပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။