ရဲမာန်၊ ဩဂုတ် ၂၈ ရက်၊ ပေါင်းလောင်း
ရှမ်းတောင် ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့က ဧဒင်ကျေးရွာမှာ မိုးကြီးပြီး မြေပြိုကျမှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက် ညပိုင်းမှာ မိုးစတင်ရွာသွန်းပြီးနောက် ၂၇ ရက် မနက် ၂ နာရီဝန်းကျင်မှာတော့ နေအိမ်တွေအပေါ် မြေပြိုမှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အဲဖြစ်စဉ်အတွင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“တောင်နဲ့တော့ ဝေးတယ်။ လျှိုမြောင်၂ လျှိုရှိတယ်။ အရင်တုန်း ရေမထွက်ဘူးပေါ့လေ။ အခုလို မိုးတွင်းတောင်ပြိုတဲ့အခါကျတော့ ရွံ့၊ နုန်း၊ သဲ၊ ကျောက်၊ ဒိုက်တွေပါလာပြီး ရွာကို ဝင်ဆောင့်တာပါ။ အဲဒီ ၂ လျိုကနေ ဆင်းလာတာ။ ရွာထဲရောက်တော့ ပေါင်းမိပြီး အားပိုကောင်းလာတာပေါ့။ သစ်တုံးကြီးတွေလဲပါတယ်”
သေဆုံးသွားသူ နှစ်ဦးမှာ အသက် ၂၂ အရွယ်ရှိတဲ့ မောင်ထွန်းဦးနဲ့ အသက် ၅၄ နှစ်အရွယ်ရှိတဲ့ ဒေါ်စန်းတို့ဖြစ်ပြီး ၎င်း ၂ ဦးရဲ့ ရုပ်အလောင်းကိုတော့ မနေ့ သြဂုတ်လ ၂၇ ရက်မှာဘဲ မီးသဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမြေပြိုကျမှုကြောင့် လူထိခိုက် သေဆုံးတာတွေအပြင် နေအိမ် ၁၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဆက်လက်ပြီး ၎င်းက “နေအိမ်ပျက်စီးသွားတဲ့သူတွေကို ယာယီတည်းခိုလို့ အဆင်ပြေအောင် ကျေးရွာဘုရားရှိခိုးကျောင်းမှာဘဲ နေရာချထားပါတယ်။ အခုထိ မိုးကရွာနေတုန်းဘဲ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၅ ရက်ကလည်း ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာ မိုးရွာသွန်းပြီး မြေပြိုကျမှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး နေအိမ် ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။