အိုက်ပွီး၊ ဧပြီ ၃၀ ရက်၊ ကလေးဝ
စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်ထဲက ကျေး ၃ ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တစ်ဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ်ဟာ မြေမြင်မှာ တိုက်ပွဲမရှိဘဲ အရပ်သားတွေ နေထိုင်တဲ့ ကျွဲနန်၊ ဆင်ခေါင်း၊ ဂဇက် စတဲ့ရွာတွေကို မနေ့ ဧပြီ ၂၉ ရက် နေ့လယ်ကစပြီး Y-12 လေယာဥ်နဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
“မနေ့က ဗုံးကြဲတာ ဗုံးသီး အလုံးရေ များတယ်။ ဒါပေမဲ့ ရွာထဲမှာကျတဲ့ ဗုံးသီးက နည်းလို့ လူထိခိုက်သေဆုံးမှု နည်းသွားတယ်လို့ ပြောရမယ်။ ရွာအပြင်ဘက်နဲ့ ရေထဲမှာ ကျတာများတယ်” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ကျွဲနန်ရွာက အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ဂဇက်ရွာက ၅၄ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဒါ့အပြင် အရပ်သားနေအိမ် လေးလုံးထက်မနည်း ထိခိုက်ပျက်စီးသွားပါတယ်။
ကလေးဝမြို့နယ်မှာ စစ်တပ်က မြေပြင် စစ်ကြောင်း ထိုးတာ၊ တိုက်ပွဲ ဖော်ဆောင်တာ မရှိပေမဲ့ လတ်တလောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနေတယ်လို့ သိရပါတယ်။
“အခုတလော ကလေးဝမြို့နယ်မှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ရက်ဆက် ပြုလုပ်နေတယ်။ အရင်ရက်တွေကလည်း လေကြောင်း တိုက်ခိုက်မှုတွေ ရှိတယ်။ ကလေးဝအပြင် မင်းကင်း၊ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်ကိုလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပိုလုပ်ဆောင်နေတယ်။ မြေပြင်မှာ စစ်ကြောင်းထိုး တိုက်ပွဲ မရှိဘူး။ လေကြောင်းကနေပဲ တိုက်ခိုက်နေတယ်။ ဒါကြောင့် အရပ်သားထိခိုက်သေဆုံးမှုက ရှိနေတာ ဖြစ်ပါတယ်” လို့ ကလေးဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကလည်း ကလေးဝမြို့နယ် မစိန်ရွာကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ကလေးဝမြို့နယ်နဲ့ နယ်မြေတစ်ဆက်တည်း ရှိနေတဲ့ မင်းကင်းမြို့နယ် ကမ်းပြည်ရွာကိုလည်း ဧပြီ ၂၄ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။