ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဧပြီ ၁၀ ရက်၊ စစ်ကိုင်း

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် စံတင်ကင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေး ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၈ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ စံတင်ကင်းကျေးရွာကို စစ်ကောင်စီတပ် လက်နက်ကြီး ၁၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ နှစ် ကလေးငယ် ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ပါတယ်။

“လက်နက်ကြီးနဲ့ ၁၁ ကြိမ်ထုတာ ၃ လုံးက ရွာခံတွေ ရွာမှာရှိတဲ့အချိန်ဖြစ်နေတာ။ ၂ နှစ်အရွယ်ကလေး ၂ ဦးသေတယ်။ ၆ ယောက်ဒဏ်ရာရတယ်။ ၂ ယောက်က ဒဏ်ရာပြင်းထန်တယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်က စံတင်ကင်းကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် နောက်နေ့မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့သွားတယ်လို့ သူကဆက်ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအပါအဝင် နိုင်ငံတဝန်းမှာ လူပေါင်းထောင်နဲ့ချီသေဆုံးခဲ့ရချိန် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ပြန်လည်သေဆုံးနေရတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းမှာ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်နေပြီး မနေ့ ဧပြီ ၉ ရက်မှာ စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၂၅ ဦးထက်မနည်းရှိပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။

ဒါ့အပြင် မနေ့ ဧပြီ ၉ ရက်နဲ့ ဒီနေ့ ဧပြီ ၁၀ ရက်မှာ ချင်းပြည်နယ် တီးတိန်၊ မင်းတပ်၊ မန္တလေးတိုင်း မတ္တရာနဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်လို့ အရပ်သား ၁၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၂ ရက်ကနေ ဧပြီ ၂၂ ရက်အထိ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကို လေကြောင်းနဲ့တိုက်ခိုက်တာ ထိုးစစ်ဆင်တာတွေ ပြုလုပ်နေပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ၎င်းလက်လွတ်ထားရတဲ့ နယ်မြေတွေမှာ လေကြောင်းအသုံးပြုကာ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး တစ်စုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။