ရဲမာန်၊ စက်တင်ဘာ ၇ ရက်၊ သရက်
မကွေးတိုင်း သရက်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အမျိုးသမီးစစ်မေ ၂ ဦးအပါအဝင် ၁၉ ဦး သေဆုံးခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်- USBA က မနေ့ စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မနေ့ နေ့လယ် ၂ နာရီခန့်မှာ ညောင်ဝိုင်းနဲ့ တပ်ကျေးရွာကြား ပထမအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်မေ ၂ ဦးအပါအဝင် ၁၆ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
“လက်နက်ခဲယမ်း သိမ်းဆည်းရမိတာတော့ မရှိဘူး။ သူတို့ကားနဲ့လာတာ။ ကား ၂ စီးကို ကျနော်တို့ပစ်တဲ့သဘော။ ဒါကြောင့် သေတဲ့အလောင်းတွေကို ကားပေါ် ပစ်တင်သွားတယ်” ဆိုပြီး USBA ရဲ့ တာဝန်ခံ ကိုဗဟိန်းက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ညနေ ၄ နာရီမှာ ကပစ ၁၂ ယာဉ်တန်းကို USBA တပ်ဖွဲ့က တဇီးကောက်ရွာအနီး သရက်နဲ့ မင်းလှလမ်းတနေရာမှာ ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
သရက်မြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်တပ်က ၅ ရက် စစ်ကြောင်းထိုးပြီး လူထုပိုင်ပစ္စည်းကို ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂)က ယာဉ်တန်းနဲ့အတူ ခိုးယူသယ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
သရက်မြို့နယ် စမ်းလည်၊ ကညစ်ကျ၊ ချင်းကုန်း၊ အကြီးစား၊ ပွန်းကြီး၊ အလပ်လယ်၊ ဇီးတော၊ စစ်သား၊ မန်ကျီးယုံ၊ သံပုရာကိုင်း၊ ပေါက်ဖြူ၊ သာဇီ၊ ရွှေပန်ကိုင်း၊ ညောင်ဝိုင်း စတဲ့ကျေးရွာက လူထုပိုင်ပစ္စည်းတွေကို စစ်တပ်က ခိုးယူနေတာပဲ ဖြစ်ပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် အနီးကျင်ကို စစ်တပ်ဘက်က ရမ်းတမ်း ပစ်ခတ်တာရှိပြီး လူထုတွေအနေနဲ့ စစ်ဘေးရှောင်ရာမှာ အခက်အခဲ တစုံတရာ ရှိပါက ဆက်သွယ်ပြီး အကူအညီ တောင်းနိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။