ယာရူစိင်၊ စက်တင်ဘာ ၁၂၊ ကျောက်တော်
ရခိုင်ပြည် ကျောက်တော်မြို့နယ်ထဲရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၂ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းကိုယ်ပိုင်ကျောင်းရှေ့ကို စစ်တပ်က ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့လို့ သေဆုံးသူတွေအပြင် ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်းရှိတယ်လို့ ဆိုပါတယ်။
“ကျေးရွာဘက်မှာက တိုက်ပွဲဖြစ်ပွါးတာမရှိပါဘူး။ သေဆုံးတာက ကျောင်းသား၊ကျောင်းသူတွေ အများဆုံးပါဝင်တယ်။ ကျောင်းအနီးရှိ အိမ်တွေဒဏ်ရာရသူတွေတောင် အခုချိန်ထိ အတိအကျမသိရသေးပါဘူး”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူအများအပြားရှိနေပြီး သေဆုံးသူတွေလည်း ထပ်တိုးနိုင်တယ်လို့ ဆိုတာကြောင့် စာရင်းအတိအကျ မသိနိုင်သေးပါဘူး။
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဒိုင်းကျီရပ်ကွက်ကို ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီမှာလည်း စစ်ကောင်စီတပ်ရဲ့လေကြောင်းကနေ တိုက်ခိုက်မှုအတွင်း ကလေးအပါအဝင် သေဆုံးသူ ၁၅ ဦးထိ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက် နေ့လယ် ၃ နာရီကလည်း မင်းပြားမြို့နယ် ကျောက်ခုတ်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးသီး သုံးလုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။