ရွှေဖီမြေ၊ ဧပြီ ၁၀ ရက်
ဒီနေ့ ဧပြီ ၁၀ ရက်မှာ ကျရောက်တဲ့ အာရက္ခတပ်တော်- ULA/AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်မှာ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုနဲ့အတူ တော်လှန်ရေး အောင်ပွဲအထိ စည်လုံးညီညွတ်ကြမယ်လို့ AA နဲ့ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ TNLA နဲ့ MNDAA က သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။
တအာင်းတပ်၊ ကိုးကန့်တပ်နဲ့ အာရက္ခတပ်တော်တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ အခက်အခဲ၊ ဖိအား မျိုးစုံကို စည်းလုံးညီညွတ်စွာ ကျော်ဖြတ်ခဲ့ကြပြီး စစ်ဆင်ရေးအောင်မြင်မှုနဲ့အတူ တော်လှန်ရေး အောင်ပွဲအထိ စည်းလုံးညီညွတ်ကြမယ်လို့ ဆိုပါတယ်။
အမျိုးသား လွတ်မြောက်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကြမ်းမှာ အာရက္ခအိပ်မက်ကို အကောင်အထည် ဖော်ခဲ့ကြတဲ့ အာရက္ခအာဇာနည်တွေကို လေးစားဂုဏ်ယူပြီး အာရက္ခတို့ရဲ့ နိုင်ငံရေးအိပ်မက်ဟာ မကြာမီ အပြည့်အဝ ရောက်ရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒီနေ့မှာ ကျရောက်တဲ့ AA တည်ထောင်ခြင်း ၁၆ နှစ်ပြည့်မှာ နွေဦးတော်လှန်ရေးတပ်တွေဖြစ်တဲ့ မန္တလေး PDF၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF အပါအဝင် တော်လှန်ရေး အင်အားစုတွေ သဝဏ်လွှာ ပေးပို့ခဲ့တာကို တွေ့ရပါတယ်။
AA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ချင်းပြည်နယ်က ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ်က မြို့ပေါင်း ၁၅ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့မှာဘဲ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်တာ ဖြစ်ပါတယ်။
AA ကို ကချင်တပ်မတော်- KIA ဌာနချုပ် လိုင်ဇာမှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲ အင်အား တောင့်တင်းတဲ့ လက်နက်ကိုင်တပ် ဖြစ်လာခဲ့ပါတယ်။