ယာရူစိင်၊ ဩဂုတ် ၁၂ ရက်၊ စစ်ကိုင်း
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၁၁ ရက် နေ့လယ် ၂ နာရီဝန်းဝန်းကျင်မှာ စစ်ကိုင်းမြို့နယ် စစ်ကိုင်း- ဝက်လက် ခရိုင်ချင်းဆက်လမ်းပေါ်က တောင်ရင်းရွာအနီးရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ ရပ်နားထားကြတဲ့ ကားတန်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၆ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက” ပြုစုထားတဲ့ စာရင်းအရ ဒဏ်ရာရတာတော့ အတိအကျ မပြောနိုင်သေးပါဘူး။ ဒီနေ့ အထိတော့ ၂၀ မကဘူး ဒဏ်ရာရတာ။ သေဆုံးသူတော့ မနေ့ထိက ၆ ဦးရှိတာပါ။ ၂ နာရီနဲ့ ၄ နာရီအတွင်းမှာ လေယာဉ် ၅ စီးနဲ့ လာကြဲသွားတာပါ။ ကားတွေရပ်ထားတဲ့နေရာကို လာကြဲသွားတော့ ထိခိုက်ဒဏ်ရာရတာက အရမ်းများပါတယ်။ အရပ်သားတွေကို ဦးတည်ပြီး ပစ်သွားတာပါ။ တချို့ဆို ကားပေါ်မှာပဲ သေဆုံးရတာလည်း ရှိတယ်”လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကား ၄ စီးလည်း မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကလည်း ဝက်လက်မြို့ အရှေ့ခြမ်းရှိ ရှားကွဲ၊ ငါးပတ်ချောင်းနဲ့ ရေလည်မော်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂၁ ဦး သေဆုံးပြီး ၃၀ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်ကလည်း ရေလည်မော်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။