အိုက်ပွီး၊ နိုဝင်ဘာ ၁ ရက်၊ ရခိုင်
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ ၃ ရက်အတွင်း ကလေး၊ အမျိုးသမီးအပါအဝင် ၁၂ ဦး သေဆုံးပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က မနေ့ အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေဟာ ကျောက်ဖြူမြို့နယ်က ၆ ဦး၊ ရသေ့တောင်မြို့နယ်က ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၄ ဦးနဲ့ ပေါက်တောမြို့နယ်မှ ၁ ဦး ဖြစ်ပါတယ်။
အောက်တိုဘာ ၂၉ ရက်ကနေ ၃၁ ရက်အထိ စစ်တပ်ရဲ့ ရေကြောင်း၊ ဒရုန်း၊ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
“အခု သေဆုံးတဲ့အထဲမှာ ကလေးတွေ၊ အမျိုးသမီးတွေ ပါတယ်။ အရပ်သားတွေနေတဲ့နေရာတွေ၊ ရွာတွေ မရှောင်ဘဲ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာပါ” လို့ ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အရပ်သားတွေ နေထိုင်တဲ့ ရွာတွေဘက် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အရပ်သားတွေဟာ မိမိရပ်ရွာထဲ နေထိုင်ရတာဟာ လုံခြုံမှု မရှိသလို အသက်အန္တရာယ် ပိုစိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
“လေကြောင်းဖြစ်ဖြစ်၊ ဒရုန်းဖြစ်ဖြစ် ဗုံးကြဲရင် ရွာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်။ အဲလိုအခြေအနေမှာ ရွာထဲမှာ အိမ်ထဲမှာနေရင် အလိုလို ကြောက်ရတယ်။ ဘယ်နေ့ဘယ်အချိန် ဗုံးကြဲမလဲပေါ့။ အဲစိတ်ပဲ အမြဲပူပန်စိုးရိမ်ရပါတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
စစ်တပ်ဟာ စစ်ရှုံးနေတဲ့အတွက် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့ကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း အသုံးပြုပြီး သူရဲဘောကြောင်စွာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်နေကြောင်း AA က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း အရပ်သား ၉၇၀ ဦး သေဆုံးပြီး ၂,၀၅၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ပံ့ရေးနဲ့ ဖွံ့ဖြိုးရေးရုံးက အောက်တိုဘာ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။