ယာရူစိင်၊ ဩဂုတ် ၂၆ ရက်၊ မြောက်ဦး
ရခိုင်ပြည် မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီခွဲမှာ ဒိုင်းကျီရပ်ကွက်ရှိ စိုက်ပျိုးရေးဂိုဒေါင်အနီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ရှိတဲ့အပြင် ဒဏ်ရာရသူ ၂၄ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “ဒိုင်ကျီရပ်ကွက် စိုက်ပျိုးရေးဂိုဒေါင်အနီးမှာ ကျရောက်ပေါက်ကွဲတာပါ။ လူနေရပ်ကွက်ဖြစ်တာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ များနေတာပါနော်။ ကျရောက်ပေါက်ကွဲတဲ့ အိမ်မှာက အသုဘ ရှိတာပါ။ တချို့အလောင်းတွေက အရမ်းဆိုးဆိုးဝါးဝါးတွေကို ဖြစ်တာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက် ည ၁၀ နာရီဝန်းကျင်မှာလည်း မြောက်ဦးမြို့ အမှတ်(၃၁) ရဲတပ်ရင်းဟောင်းအနီး အရပ်သားတွေ နေထိုင်တဲ့ ရပ်ကွက်ထဲက နေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။