ယာရူစိင်၊ ဩဂုတ် ၂၈ ရက်၊ ကျောက်ဖြူ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၂၇ ရက် ည ၇ နာရီ ၄၃ မိနစ်မှာ စစ်တပ်က စစ်သင်္ဘောကနေ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တာကြောင့် ဇင်ချောင်းရွာထဲရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “စစ်သင်္ဘောက ဇင်ချောင်းရွာနဲ့ နီးတယ်။ လက်နက်ကြီး ပစ်ခတ်တော့ ဇင်ချောင်းရွာထဲ ကျရောက်ပေါက်ကွဲတာပါ။ ဇင်ချောင်းရွာက ဒေသခံ ၁ ဦးတော့ ထိသွားတယ်။ နေအိမ် ပျက်စီးတာတော့ ၁ လုံး ပျက်တာပေါ့။ နေလို့မရတဲ့အထိ ပျက်တာတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။
ဒဏ်ရာ ရသူဟာ အသက် ၅၁ နှစ်အရွယ် ဦးမင်းမင်းကြီးဆိုသူဖြစ်ပြီး အခုလို စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝှမ်းက နေ့စဉ် လူထုတွေ ထိခိုက်သေဆုံးနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။