ပို့လဘား၊ ဩဂုတ် ၃၁ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ကလေးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဩဂုတ် ၃၀ ရက် ည ၇ နာရီဝန်းကျင်မှာ မနရွာထဲ လက်နက်ကြီး ပစ်ခတ်တာေကြောင့် အသက် ၃၁ နှစ်အရွယ် ကိုမျိုးဇော် သေဆုံးခဲ့ပြီး ၁ နှစ်ကျော်အရွယ် ကလေးတစ်ဦး၊ ၅ နှစ်အရွယ် ကလေးတစ်ဦးနဲ့ ၃၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
“ညဦးပိုင်းက မနကျေးရွာမှာ ကျတာ သေဆုံးသူတစ်ဦး။ ဒဏ်ရာရသူ သုံးဦး။ သေဆုံးသူက သူတို့ဖခင်။ မိခင်ဖြစ်သူက ဦးခေါင်းမှာ ဒဏ်ရာ ရထားတယ်။ ကျန်နှစ်ဦးက ဒဏ်ရာ ပြင်းတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မနေ့ညနေ ၅ နာရီမှာလည်း စစ်တပ်ဟာ မှော်စီစာ ရွှေညောင်ပင်ဆီဆိုင်အနီးမှာ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၃ နှစ်အရွယ် ရှင်းသန့်ကျော်၊ ၂၀ နှစ်အရွယ် ကိုဖြိုးကျော်ကျော်၊ ၆၅ နှစ်အရွယ် ဒေါ်ခင်ဝင်းနဲ့ ၇၆ နှစ်အရွယ် ဦးစိုးမြင့်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်ကလည်း စစ်တပ် ဗျူဟာကုန်းကနေ ဆွတ်အိန်ယာန် အလယ်စခန်းနဲ့ မြေစာမျှော တိုက်စခန်းကို လက်နက်ကြီး ပစ်ခတ်ခဲ့လို့ ဒေသခံ ၄ ဦး ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။