ယာရူစိင်၊ စက်တင်ဘာ ၂၇ ရက်၊ သံတွဲ
ရခိုင်ပြည် သံတွဲမြို့ ညောင်ပင်ဈေးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သံတွဲမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ စက်တင်ဘာ ၂၇ ရက် ည ၈ နာရီခွဲမှာ သံတွဲမြို့ရှိ ညောင်ပင်ဈေးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ သေဆုံးသူအပြင် ဒဏ်ရာရသူ ၆ ဦး ရှိတယ်လို့ ဆိုပါတယ်။
“ဒဏ်ရာရတဲ့ ၆ ဦးက ကလေးငယ်တွေလို့ သိရပါတယ်။ သေဆုံးတဲ့သူက အဘိုးအိုတစ်ယောက်ပါ။ ဒဏ်ရာရတာ ပြင်းထန်တာ ရှိပါတယ်” လို့ သံတွဲမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မနေ့ စက်တင်ဘာ ၂၆ ရက် နေ့လယ် ၄ နာရီဝန်းကျင်မှာ တောင်ကုတ်မြို့နယ် တပ်ဦးဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာလည်း ကျောက်တော်မြို့နယ် သရက်တပင်ရွာရှိ ကိုယ်ပိုင်ကျောင်း ၂ ကျောင်းဖြစ်တဲ့ ပညာပန်းခင်းနဲ့ အမြင်သစ်ကျောင်းကို စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာကြောင့် သေဆုံးသူ ၂၀ ဦး ရှိခဲ့ပါတယ်။
အလားတူ မြောက်ဦးမြို့နယ် ဒိုင်းကျီရပ်ကွက်ကို ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက် ည ၁၁ နာရီမှာလည်း လေကြောင်းကနေ တိုက်ခိုက်မှုအတွင်း ကလေးအပါအဝင် သေဆုံးသူ ၁၅ ဦး ရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။