အိုက်ပွီး၊ အောက်တိုဘာ ၁၂ ရက်၊ မတူပီ
ချင်းပြည်နယ် မတူပီမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် လူတစ်ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတူပီမြို့ လောင်ဗန်းရက်ကွက် မီးသတ်ရုံးနဲ့ ဗိုလ်တိုက်ချွန်း ဘောလုံးကွင်းအနားကို စစ်ကောင်စီက အောက်တိုဘာ ၁၀ ရက်နေ့ ည ၈ နာရီခန့်မှာ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။
“လူတစ်ယောက် သေတယ်။ ၁၀ ယောက် ဒဏ်ရာရတယ်။ အရပ်သားလား။ တော်လှန်ရေးဘက်ကလားဆိုတာတော့ အသေးအစိတ်မသိရသေးဘူး။” လို့ မတူပီမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ဒါ့အပြင် မီးသတ်ရုံးအနားက ယေရှုအသင်းတော် ဘုရားကျောင်းလည်း ဗုံးစထိမှန် ပျက်စီးသွားတယ်လို့ သိရပါတယ်။
“အဲမီးသတ်ရုံးအနားမှာ ဘုရားကျောင်းနှစ်ကျောင်းနဲ့ အမွေဘော်ဒါဆောင်ရှိတယ်။ ယေရှုအသင်းဘုရားကျောင်းက ပျက်စီးသွားတယ်။ တခြားအိမ်တွေမှာလည်း ကျည်စထိမှန်တာရှိတယ်။”လို့ မတူပီမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
မတူပီမြို့ကို ထိန်းချုပ်ထားတဲ့ MRO/CDF-Matupi ကတော့ အဲဒီဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတော့ မရှိသေးပါဘူး။
အောက်တိုဘာလ ၈ ရက်နေ့ ညကလည်း မင်းတပ်မြို့နယ် ကျေးရွာနှစ်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာကြောင့် မသန်စွမ်းတစ်ဦးအပါအဝင် ကျောင်းသား ၄ ဦး သေဆုံးပြီး ၁၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။