မိုင်းရူပ၊ ဇူလိုင် ၂၆ ရက်၊ မိုးကုတ်
ဒီနေ့ ဇူလိုင်လ ၂၆ ရက် ည ၅ နာရီဝန်းကျင်က တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနီးရှိ ရွှေလိပ်ပြာဟိုတယ် ဗုံးကြဲခံရမှုမှာ အမျိုးသား ၁ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ မိုးကုတ်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“၁ယောက်သေ ၃ ယောက်ဒဏ်ရာရတယ်။ သေဆုံးဒဏ်ရာရတဲ့သူတွေက ဟိုတယ်မှာ အလုပ်လုပ်နေတဲ့ ပန်းရံ အမျိုးသား အလုပ်သမားတွေ” လို့ ဆိုပါတယ်။
ရွှေလိပ်ပြာ ဟိုတယ်ထဲကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ သီပေါနဲ့ မိုးကုတ်မြို့တွေကို လေကြောင်းနဲ့ ဗုံးဆက်တိုက်ကြဲနေတာ ဖြစ်ပါတယ်။
ဒီနေ့ ဇူလိုင် ၂၆ ရက် နေ့လည် ၁၂ ဝန်းကျင်မှာလည်း ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခဲ့ရာ အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။
အလားတူ ဇူလိုင် ၉ ရက်မှာလည်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ပန်းမထိပ်ဘက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဇူလိုင် ၈ ရက်မှာလည်း မိုးကုတ်မြို့နဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ TNLA ထိန်းချုပ်ဒေကို လေကြောင်းနဲ့ ဗုံးဆက်တိုက်ကြဲနေတဲ့အပေါ် တစုံတရာ တုန့်ပြန်ထားတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။