ရွှေဖီမြေ၊ ဇူလိုင် ၁၉ ရက်၊ ငဖဲ
မကွေးတိုင်း ငဖဲမြို့နယ် နောင်ကျေးရွာမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်- အရှို (CDF-Asho)က ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
ငဖဲမြို့နယ်မှာရှိတဲ့ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း)ရှိ စစ်တပ်က မနေ့ ဇူလိုင် ၁၈ ရက် မနက် ၁၁ နာရီခွဲမှာ နောင်ရွာဘက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒရုန်းဗုံး ကြဲချတိုက်ခိုက်မှုကြောင့် အသက် ၈၈ နှစ်အရွယ် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးပြီး ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်တပ်ဟာ နိုင်ငံအနှံ့ ရာဇဝတ်မှု ကျူးလွန်နေတာနဲ့ အရပ်သားတွေကို သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို CDF-Asho က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်ကလည်း အမ်း-ပဒါန်း ကားလမ်းမပေါ်က လိုင်ရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။